ဘိုကလေးမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေး

ဘိုကလေး ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ စက်ဆန်းတိုက်နယ်ဆေးရုံတွင် ယနေ့နံနက် (၇)နာရီ အချိန်မှစတင်၍ ပြည်သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ဆေးဝါးကုသမှုများအား အခမဲ့ဆောင်ရွက်ပေးသည်။

ဆေးဝါးကုသရာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ရွှေပုဇွန် မြစ်တွင်းသွား ဆေးရုံရေယာဉ်နှင့် စကုမြစ်ရေယာဉ်တို့ဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ရေယာဉ်စုမှူး ဗိုလ်မှူး အောင်ဇော်မင်းတို့ ဦးစီးသော ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သွားဖွားမီးယပ်ပါရဂူ၊ ကလေးကုသမှုပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ မေ့ဆေးပါရဂူ၊ အရိုးရောဂါခွဲစိတ်ပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ၊ မျက်စိရောဂါခွဲစိတ်ပါရဂူ၊ သွားရောဂါပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူတို့ ပါဝင်သော အရာရှိ၊ စစ်သည် (၈၅)ဦး လိုက်ပါ စီးနင်းခဲ့ပြီး ဒေသခံပြည်သူများအား အခမဲ့ဆေးဝါး ကုသပေးခြင်းဖြစ်ကြောင်းနှင့် ဆေးဝါးကုသမှုများ အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် လိုအပ်သည်များကို ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ မြို့နယ်ဌာနဆိုင်ရာများ၊ စက်ဆန်းတိုက်နယ်ဆေးရုံမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပရဟိတအဖွဲ့များမှ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)