ဒေးဒရဲမြို့၌ အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိရေးနှင့်  စည်းကမ်းစနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခြင်းနှင့် ဦးစီးအရာရှိ ဒေါ်သက်သက်ကြူတို့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေး၊ အမှိုက်နှင့် အညစ်အကြေး အမျိုးအစားများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှိုက်ကင်းစင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများက ဥာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုရရှိသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း