မုဒုံ ဖေဖော်ဝါရီ ၆
ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.လ.က သင်္ဘောဦးကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်း သိရသည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် အ.လ.က သင်္ဘောဦးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွား စေရေးအတွက်ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် စဉ်းစားတွေးခေါ် တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် ယာဉ်အန္တရယ်၊ လမ်းအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် မုဒုံမြို့နယ်ပြန်/ ဆက်ဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေကြောင်း သိရသည်။
မုဒုံသူ(ပြန်/ ဆက်)