ကျုံပျော် ဖေဖော်ဝါရီ ၆
လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အထက(၂) ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းတင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတင်ဝင်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့် စည်းကမ်း၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ပညာရေးစသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြပြီး၊ တက်ရောက် လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား ပါဝင်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)