ငွေဆောင် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နံနက် ၇နာရီအချိန်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ငွေဆောင်ရုံးခွဲနယ်မြေ၊ ငွေဆောင်ရုံးခွဲ နယ်မြေကမ်းခြေ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် သဲသောင်ပြင် အားကစားလှုပ်ရှားမှု၊ ဖူဆယ်ဘောလုံးနှင့် ဘော်လီဘောပြိုင်ပွဲ အခမ်းအနားဖွင့်ပွဲအား Hotel ACE ရှေ့သဲသောင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ငွေဆောင်မြို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဟိုတယ်ဇုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရှေးဦးစွာပြိုင်ပွဲဝင်မည့် ဘောလုံးအသင်းနှင့် ဘော်လီဘောအသင်းများမှ ကွင်းထဲတွင် နေရာယူခဲ့သည်။ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြိုင်ပွဲကျင်းပဖြစ်ပုံ၊ ကျင်းပမည့်ပုံစံနှင့် အားကစားစိတ်ဓာတ် ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ကစားကြရန် မှာကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အားကစားသစ္စာဓိဌာန်လေးချက်ကို တိုင်တည်ပေးပြီး ယှဉ်ပြိုင်ကြမည့် အားကစားသမားများက နောက်မှသံပြိုင်လိုက်ဆိုကြသည်။ ငွေဆောင်ဇုံ ကမ်းခြေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်အောင်လင်းမှ အခမ်းအနား ကျင်းပရခြင်းအကြောင်းအား ဆက်လက်ပြောကြားခဲ့ပြီး ငွေဆောင်ဇုံကမ်းခြေလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးညီညီအောင်မှ ပြိုင်ပွဲအားတာဝန်ယူမည့် ဒိုင်လူကြီးများအား အားကစားနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အဖွင့်ပွဲယှဉ်ပြိုင်မည့် အသင်း ၂သင်းမှ ကွင်းထဲတွင် နေရာယူခဲ့ပြီး အခမ်းအနားအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ အဖွင့်ပွဲအနေဖြင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် ဟိုတယ်ဇုံ၁အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေစျေးသည်များ၊ ဟိုတယ်ဝန်ထမ်းများက တစ်ခဲနက် အားပေးခဲ့ကြသည်။ ဆုပေးပွဲအား ဖေဖော်ဝါရီလ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ဘောလုံးအသင်း ၇သင်းနှင့် ဘော်လီဘောအသင်း ၄သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R -O14( ငွေဆောင်)