ပေါင်းတည်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းဝတ်စုံများ လှူဒါန်း

ပေါင်းတည် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောင်းဝတ်စုံများ ထောက်ပံ့လှူဒါန်းပွဲကို ၃၇ လမ်း၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲကို ချို့တဲ့နွမ်းပါးသောကျောင်းသား၊ ကျောင်းသူများ ကျောင်းဝတ်စုံပြည့်စုံစွာဖြင့် စိတ်ချမ်းသာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ထောက်ပံ့လှူဒါန်းသော ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာမကြီးဒေါ်နုနုရီက လက်ခံရယူပြီး ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးအား ပေးအပ်ဆင်မြန်းပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ထောက်ပံ့လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)