ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားအသိပညာပေး (Talk Show) ကျင်းပ

ရမ်းဗြဲ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်နှင့်အားကစားအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးက ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်နှင့်အားကစားအသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆွေးနွေးပေးရာ လူငယ်နှင့်အားကစားကိုခွဲခြားမရနိုင်ကြောင်း၊ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တနှင့် ဗလငါးတန်ပြည့်ဝစေရန်အတွက် အားကစားနည်း တစ်ခုခုကို လေ့လာလိုက်စားဖို့လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် အားကစားကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်ပြီး ၂၀၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့၌ အားကာသိပ္ပံကျောင်းကို ဖွင့်လှစ်ပေးဖို့ရှိသည့်အတွက် အားကစားကိုစိတ်ပါဝင်စားသော လူငယ်များအနေဖြင့် အလွန်တက်ရောက်ရန်သင့်တော်သောကျောင်းဖြစ်ကြောင်း၊ အားကာသိပ္ပံကျောင်းတွင် အားကစားနှင့်ပညာရေးကိုလည်း တွဲဖက်ထားရှိမှာဖြစ်ပါကြောင်း၊ ယခုလာမဲ့ နွေရာသီကျောင်းပိတ်ရက်များမှာ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်လျက် ၂၀၂၃ ခုနှစ် မတ် ၁ ရက်နေ့ကစတင်ပြီး ရမ်းဗြဲမြို့နယ်မှာ အားကစားနည်း (၈) နည်းကို ဖွင့်လှစ်သွားရန်ရှိကြောင်း ဒါကြောင့် လူငယ်များအနေနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်စေရန်နှင့် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် လာရောက်ပြီးမိမိကြိုက်နှစ်သက်ရာ အားကစားနည်းကို တက်ရောက်ဖို့အတွက်လည်း ဖိတ်ခေါ်ရပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်နိုင်