မင်းဘူးမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

မင်းဘူး ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လုပ်သားရှာပါးမှုအခက်အခဲများကို ကျော်လွှားပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ခေတ်စနစ်နှင့်အညီ ကူးပြောင်းလုပ်ဆောင်ရာတွင် အထောက်အကူပြုစေရန် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈)စက်မှုလယ်ယာစခန်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မွန်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူသင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာသုံးစက်ကိရိယာများကို အန္တရာယ်ကင်းဘေးရှင်းစွာ (အခြေခံ)မောင်းနှင်ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ဒေသတွင်းလုပ်သားရှာပါးမှု အခက်အခဲများကိုရင်ဆိုင်ကျော်လွှားပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ခေတ်စနစ်နှင့်အညီ ကူးပြောင်းလုပ်ဆောင်ရာတွင် အထောက်အကူပြုစေရန် ယခုသင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် လယ်ယာသုံးစက်ကိရိယာထွန်စက်ကြီး၊ ကူဘိုတာရိတ်သိမ်းချွေလှေ့စက်၊ တစ်လုံးထိုးအင်ဂျင်နှင့် ကောက်စိုက်စက်စသည့် လယ်ယာသုံးစက် ကိရိယာများ(အခြေခံ) မောင်းနှင်ပြုပြင်ထိန်းသိမ်းခြင်းဘာသာရပ်များကို စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများဖြင့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၇ ရက်နေ့အထိ (ရက်သတ္တနှစ်ပတ်ကြာ) စာတွေ့၊ လက်တွေ့ဖြင့် အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်က ပြောသည်။

ထို့အပြင် သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သော လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၃)တက်ရောက် ပြီးသူများအနေဖြင့် တစ်ဆင့်မြှင့်ကျွမ်းကျင်သင်တန်းများကို ဆက်လက်တက်ရောက်ရန် စိတ်ဝင်စားပါက စက်မှုလယ်ယာဦးစီးဌာန (ဗဟို)သင်တန်းကျောင်းများဖြစ်သည့် မိတ္ထီလာ၊ ပဲခူး(ဘုရားကြီး)နှင့် နေပြည်တော်(ရေဆင်း)သင်တန်းကျောင်းများ၌ သင်တန်းကာလ(နှစ်လ) ရက်သတ္တ(၈)ပတ်ဖြင့် ကျွမ်းကျင်သည်အထိ အခမဲ့တက်ရောက်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်း(ဗဟို)သင်တန်းကျောင်းများတွင် သင်တန်း တက်ရောက်ပြီးစီးအောင်မြင်ပါက သင်တန်းဆင်းလက်မှတ်နှင့်အတူ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်/ကုမ္ပဏီကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)