မော်လမြိုင် ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေ့ဦးစွာ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများက ကွင်းအတွင်း စနစ်တကျ နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေ့ရှုလျက် အားကစားကဏ္ဍဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဂေါက်သီးရိုက်အားကစားနည်းကို လူငယ်၊ လူရွယ်များထက် သက်လတ်ပိုင်းနှင့် လူကြီးပိုင်းများ စိတ်အပန်းဖြေရန်၊ ကျန်းမာရေးကောင်းမွန်စေရန်၊ အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိခန္ဓာကိုယ်အနေအထားနှင့် လိုက်ဖက်တဲ့ အားကစားလေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပျော်ရွှင်မှုများ ရရှိနိုင်စေခြင်း၊ သက်တူရွယ်တူ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းနေထိုင်တတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ် အလေ့အထများကို ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂေါက်သီးရိုက်အားကစားနည်းရဲ့”တည့်အောင်ချိန် ပြေးအောင်ရိုက် နီးအောင်ပို့ ကပ်အောင်တင် ဝင်အောင်သွင်း” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကြိုးစားယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြိုင်ပွဲကို ကာလာဘော်လုံးတို့အား ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့ပြီး တစ်ဦးချင်း၊ အသင်းလိုက်၊ တန်းအလိုက်၊ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများက တစ်ပျော်တစ်ပါး ဝင်ရောက်ယှဉ်ပြိုင်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး ဧည့်သည်တော်များနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီး ဂေါက်သီးရိုက် အားကစားသမား(၂၀၀)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲပုံစံ Handicap ဖြင့်လည်းကောင်း၊ System 36 ဖြင့် ကျင်း(၁၈)ကျင်း ယှဉ်ပြိုင်ကစားမှုပြိုင်ပွဲပုံစံဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)