ကာလိမြို့တွင် လူငယ်စကားဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် ပြုလုပ်

ကာလိ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ကာလိမြို့ အ.ထ.ကကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဧကဒသမတန်းမှ မနန်းလောင်တစ်လောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒသမတန်းမှ မောင်သူရထွန်းက လူငယ်နှင့်ဘဝရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းစံလှိုင်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းဖွန်ထောင်းတစ်ကလူငယ်နှင့် ဝါသနာခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းအောင်အောင်က လူငယ်နှင့်ကိုယ့်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်၍ သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး အ.က.က(ကာလိ) ကျောင်းအုပ်ဆရာကြီး ဒေါ်နန်းစိုးစိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာစောင်များစုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)