ငရုတ်ကောင်းမြို့ရှိ နေအိမ်များနှင့် တည်းခိုဆောင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေး

ငရုတ်ကောင်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် တည်းခိုဆောင်များအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် တည်းခိုဆောင်များအား တစ်အိမ်တက်ဆင်း လိုက်လံ၍ မီးဘေးလုံခြုံရေးနှင့် ပတ်သတ်၍ မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိမှု မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများ ဆောင်ရွက်ထားရှိမှု ထင်းမီးဖိုဖြင့် ချက်ပြုတ်သော နေအိမ်များအား သတ်မှတ်ထားသည့် မီးသုံးစွဲချိန်၌သာ သုံးစွဲရေး၊ မီးချွင်းမီးကျန်များ မရှိစေရေး ဆောင်ရွက်ထားရန်၊ မီးဖိုပတ်လည်များတွင် သံပြားများ ကာရံပြီး အသုံးပြုစေရေး၊ မီတာပုံးများ၊ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားခွဲရုံမှူး ဦးအေးချမ်းစိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)