ကော့သောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်စကားဝိုင်းဆွေး‌နွေးပွဲကျင်းပ

ကော့သောင်း ဖေဖော်ဝါရီလ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကော့သောင်းမြို့၊ နဝရတ်အားကစားခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့်အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 စကားဝိုင်းဆွေးနွေးပွဲသို့ အ-ထ-က(ခွဲ) ရွှေမင်းဝံကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးတို့က Moderators အဖြစ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့် social media ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အချိန်နှင့်ဒီရေသည်လူကိုမစောင့် စသည့်ခေါင်းစဉ်များဖြင့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၅)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ က စကားဝိုင်းအတွင်းသိရှိလိုသည်များကို အပြန်အလှန်မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)