မိုင်းယုမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း Talk Show ကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူး ဦးအားချာက  မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်းနေထိုင် လျက်ရှိကြောင်း၊ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရားနှင့် ပြောဆိုသည့် ဘာသာစကားများ မတူကြသော်လည်း အရေးကြီးဆုံးမှာ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းနေထိုင်လိုသော အစဉ်အလာဆန္ဒနှင့် ဝံသာနုရက္ခိတခေါ် အမျိုးစောင့်တရား ရှိရမည် ဖြစ်ကြောင်း၊ နှစ်စဉ် ပြည်ထောင်စုနေ့ ကျင်းပလာခဲ့ခြင်းမှာ တိုင်းရင်းသားတို့စည်းလုံး ညီညွှတ်မှုဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းကို အမှတ်ရစေပြီး ပြည်ထောင်စုတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထု၏ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ခိုင်မာမှု အစဉ်နိုးကြားမှု ရှိရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ တစ်စည်းတစ်လုံးတည်းသော အားမာန်ဖြင့် တည်ဆောက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ထမ်းများက ကဗျာဆရာ ပြေအေးသက် ရေးစပ်ဂုဏ်ပြုထားသည့် “အေးတူပူ အမျှ စိတ်တွေဖြာ ပြည်ထောင်စုနေ့အခါ” ကဗျာကိုလည်းကောင်း၊ “၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ”ကိုလည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အားချာ