ရပ်စောက်၌ ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗထူးတပ်မြို့၊ မင်းကြီး(၃)ပါး ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများနေရာယူပြီး ပစ္စည်းစစ်ဆေးရေးအဖွဲ့နှင့် အရောင်အသွေးနှင့်အရသာ စစ်ဆေးရေးအဖွဲ့တို့မှ လိုက်လံစစ်ဆေးပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။ ဆက်လက်၍ ဗထူးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရအသင်းများအား ဗထူးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဗထူးတပ်နယ်မှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း၊ မြို့နယ်ဌာနဆိုင်ရာမှ ပြိုင်ပွဲဝင်အသင်း(၉)သင်းနှင့် ရပ်ကွက်(၇)ရပ်ကွက်မှ ပြိုင်ပွဲဝင်(၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း (၂၁)သင်းတို့ကပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားသို့ ဗထူးတပ်နယ်မှူး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ မိဘပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)