ရေဦး ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါလျက် ယမန်နေ့နေ့လည် ၁ နာရီက ရေဦးကုန်းကျေးရွာ မိုးမြင့်စန္ဒာစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မိဘပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များက မြို့နယ်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာစေရေး ဆောင်ရွက်ပေးနေမှုများကို အသိပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန တာ၀န်ရှိသူများက ဌာနတစ်ခုချင်းစီ၏ ပင်မလုပ်ငန်းတာ၀န်များနှင့် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည့် အချိန်ကာလကို သိရှိလိုပါကြောင်းနှင့် ကျေးရွာတွင်းလမ်းသွယ်များတွင် လိုအပ်နေသော လျှပ်စစ်ဓာတ်မီးတိုင်များ စိုက်ထူပေးနိုင်မှုရှိမရှိနှင့် ကျေးရွာတွင်း မီးသတ်ရေလှောင်ကန် ပြုပြင်ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ လ.၀.က ဦးစီးမှူးဦးကျော်ဆွေတို့က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းညှိနှိုင်း၍ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ဖြေကြားပေးခဲ့ပြီး ရေဦးကုန်းကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ထံ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မီးသတ်ဦးစီးမှူး ဦးဆာမူအဲတို့က မီးသတ် ရေလှောင်ကန်နှင့် ရေတင်စက်ထားရှိရာနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
သန်းသန်း (ရေဦး)