ကျောက်ဖြူ ဖေဖော်ဝါရီ ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၏ စတုတ္ထအကြိမ်မြောက် A.G.T.I ဒီပလိုမာ အပ်နှင်းသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်ငြိမ်းနှင့် အစိုးရနည်းပညာကောလိပ်မှ စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမအတွင်းသို့ဝင်ရောက်၍ စင်မြင့်ရှိသတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်အလံကိုအလေးပြုကာ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးမှ ဒီပလိုမာအပ်နှင်းခြင်းခံရမည့်သူများအား စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းဆောင်ရွက်သည်။
ဆက်လက်၍ ကျောင်းအုပ်ကြီးမှ A.G.T.I ဒီပလိုမာ (မြို့ပြအင်ဂျင်နီယာ) အပ်နှင်းခြင်းခံရသည့် (၄၈)ဦး၊ A.G.T.I ဒီပလိုမာ(လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) အပ်နှင်းခြင်းခံရသူ(၄၉)ဦး၊ A.G.T.I ဒီပလိုမာ(သုတနည်းပညာ)အပ်နှင်းခြင်းခံရသူ(၃၅)ဦးတို့အား A.G.T.I ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပြီး အောင်လက်မှတ်ချီးမြှင့်ခံရသူများကို A.G.T.I ဒီပလိုမာနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုကာ အပ်နှင်းပြီးဖြစ်သော A.G.T.I ဒီပလိုမာရရှိသူများစာရင်းကို မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီးမှ A.G.T.I ဒီပလိုမာအပ်နှင်းပွဲအခမ်းအနား မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းကြောင်းကြေညာကာ အစိုးရနည်းပညာကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး