မုဒုံမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

မုဒုံ   ဖေဖော်ဝါရီ   ၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီက ဦးစီးပြီး(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ အားကစားကွင်းတွင် ကျင်းပသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အပ်ချည်ကြိုးထိုးပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲတို့ကျင်းပရာ ရပ်ကွက်အတွင်းရှိ ကလေးလူငယ်လူကြီးများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကြောင်း ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ၊ နှစ်စဉ်နှစ်တိုင်း မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ  ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မုဒုံသူပြန်/ဆက်