ဖားဆောင်း ဖေဖော်ဝါရီ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နာမ်ရတနာစျာန်အောင်စေတီတော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက် ၇ နာရီချိန်က အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် ဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များက မြတ်စွာဘုရားကိုပင့်ဆောင်၍ ရတနာစျာန်အောင်စေတီတော်အား လက်ယာရစ်ရစ်ပတ်ကာ အလှူရှင်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဦးစွာဝမ်အောင်းကယားကျေးရွာဆရာတော် မဟာဘဒ္ဓမ္မဇောတိကဓဇမေဓါနထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူပြီး တောင်ပေါ်ကျေးရွာဆရာတော်ဘဒ္ဒန္တဇဝနထံမှ အနုမောဒနဂါထာတော်အကျိုးတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)