ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ပြောင်း စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ

ကျွန်းလှ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ကျေးရွာ ချောင်းဘေးတစ်လျှေက်မှာ ရေပင်လို့ခေါ်တဲ့ ချောင်းရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ ပြောင်းကိုတော့ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြတယ်။ အရင်က ပြောင်းဖူးတစ်ဖူးငွေကျပ် ၂၀၀ သာရောင်းခဲ့ရသော်လည်း အခုအခါ တစ်ဖူးငွေကျပ် ၃၀၀ နဲ့ရောင်းချနေရတဲ့အတွက် စိုက်ပျိုးသူတွေ အဆင်ပြေကြပါတယ်”ဟု ရှမ်းစုကျေးရွာ ထိုင်ဝမ်ပြောင်း စိုက်သူတစ်ဦးကပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း စိုက်ပျိုးရန် ၁၃၃၇ ဧက လျာထားပြီး လက်ရှိအချိန်အထိ ၁၀၁၃ ဧက (၇၅ ဒသမ ၇၆) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ