ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယမန်နေ့ ည ၆ နာရီခွဲအချိန်က  မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ နှင့် ဈေးလုံခြုံမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပွင့်လင်းရာသီကာလဖြစ်၍ ဈေးဆိုင်ခန်းများအလိုက် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့် ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများကို မပြုလုပ်ကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင် သာယာဈေး(၄)ခုအား ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူ၊ ဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )