ပေါင် ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယမန်နေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။ရှေးဦးစွာ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးခဲ့ကြသည်။
ထို့နောက် မွန်အမျိုးသား နိုင်သာလေးက အမှာစကားပြောကြားရာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုသည်ကမ္ဘာကျော်သည်အထိ ကျယ်ပြန့်ခဲ့လို့ မိမိတို့လူမျိုးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မိမြတ်မြတ်ချမ်းက မွန်အမျိုးသားနေ့နှင့် ပတ်သက်သည့် မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ ရည်ရွယ်ချက်များအား ချပြရှင်းလင်းခဲ့သည်။ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်သည်။
မွန်အမျိုးသားနေ့ ကျင်းပရာတွင် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ အခမ်းအနားသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်လာကြသည့် မွန်တိုင်းရင်းသားများက မွန်အမျိုးသား အလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများအပြင် ညနေပိုင်း၌ မွန်အကပဒေသာများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)