မောင်တော ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများအလိုက် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းများရေးသွင်းခြင်း ၊ ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်းဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်/ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်