နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

မောင်တော ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင့်မြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နံသာတောင်ပညာဒါန ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပဉ္စဂုဏံအဟံဝန္တာမိ၊ အာစရိယဂုဏံအဟံဝန္တာမိ (၃)ကြိမ်ရွက်ဖတ်ပူဇော်ခဲ့ကြပြီး မြတ်ဆရာကန့်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် နယ်စပ်ဒေသ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီးပဓာန နာယက၊ သဒ္ဓမ္မဇောတိကဓဇ၊ ရခိုင့်တံခွန်ဆုရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ ဩဝါဒစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မြင့်သိန်း၊ တောင်ပြိုလက်ဝဲ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးတို့က ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြသည်။ ဆက်လက်၍ နံသာတောင်ပညာဒါန ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုခဲ့ကြသည်။ ယင်းနောက် နံသာတောင်ပညာဒါန ပရဟိတကျောင်း ဆရာတော် အရှင်သူမြတ်နှင့် ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/မများအား လက်ဆောင်ပစ္စည်းများဖြင့်ကန်တော့ပြီး အခမ်းအနားကို ပဉ္စဂုဏံအဟံဝန္တာမိ၊ အာစရိယဂုဏံအဟံဝန္တာမိ သုံးကြိမ်ရွက်ဖတ်ပူဇော်၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ နံသာတောင်ပညာဒါန ပရဟိတ ကျောင်းတွင် ကျောင်းသား/သူပေါင်း(၅၀၀)ဦးခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး