သထုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုရပ် အမက(လွန်)ကျောင်း၌ ယနေ့နံနက်က အကျဉ်းချုံ့၍ကျင်းပခဲ့ကြောင်း သိရသည်။
မွန်တိုင်းရင်းသားများစည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့်ရိုးရာဓလေ့ထုံးတမ်းများကိုဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့်မိမိတို့၏ တိုင်းရင်းသား စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကိုမပျောက်ပျက်အောင် ဂရုပြုကာလက်ဆင့်ကမ်းထိမ်းသိမ်းသွားနိုင်ရန်ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက်လက်ဆင့်ကမ်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မွန်အမျိုးသားနေ့ကျင်းပရာတွင် နံနက် ၇နာရီအချိန်၌ တက်ရောက်လာကြသည့် မွန်၊ ကရင်၊ပအိုဝ်း၊ဗမာ စသည့်တိုင်းရင်းသားများက မွန်အမျိုးသားအလံ တော်ကို လွှင့်ထူအလေးပြုကြခြင်း၊သံဃာတော်များထံမှတရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
သထုံမြို့နယ်တွင် မြိုနယ်အဆင့် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများ၌အလှည့်ကျ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ယိမ်းပြိုင်ပွဲများ၊ ပြခန်းများနှင့်စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာကျင်းပခဲ့ကြောင်း မြို့နယ်မွန်တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ခရိုင်ပြန်/ဆက်