စစ်ကိုင်း ဖေဖော်ဝါရီ ၅
စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဆင်းပွဲကို စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့် က သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား စနစ်တကျပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြစေရန်၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း ပိုမိုသိရှိနားလည်စေရန် အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများသည် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ လက်တွဲဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျယ်ပြန့်စွာသိရှိနားလည်စေရန် ကြိုးစားလေ့လာသင်ယူကြရင်း စစ်ကိုင်းတိုင်းဒေသကြီးအတွက် အားကိုးအားထားပြုရသော လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး က “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများရရှိစေနိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျှက်ရှိကြောင်း၊ သင်တန်းမှာ စာတွေ့/ လက်တွေ့သင် ကြားပေးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်နည်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရှေးဦးသူနာပြုလုပ်ငန်းများကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်” ဟု ပြောကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို (၅)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး ဌာနဆိုင်ရာများမှ သင်တန်းသား (၂၀)ဦးတက်ရောက်ကြကာ သင်တန်းသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်