ကန့်ဘလူမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရပ်ကွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကန့်ဘလူ  ဖေဖော်ဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အ တွက် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်( )ရပ်ကွက် အလက(ခွဲ) ကျောင်း၌ ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ လျှပ်စစ်မီတာခများ ပေးသွင်းရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်နိုင်ရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများကို သက်ဆိုင် ရာ ဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်များနှင့်ရပ်ကွက်ပြည်သူများက လျှပ်စစ်မီးတိုင်များ စိုက်ထူပေးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်ပေးနိုင်ရေး၊ လမ်းများကောင်းမွန်ရန် ပြုပြင်ပေးနိုင်ရေး၊ မွေးတိုးစာရင်းများ ပြုလုပ်ပေးနိုင်ရေး၊ လျှပ်စစ်မီးများ အချိန်တိုးမြှင့်ပေးနိုင်ရေး စသည်တို့ကို ဆွေးနွေးမေးမြန်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)