သံဖြူဇရပ် ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇နာရီ ခွဲအချိန်က မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မွန်အမျိုးသားနေ့အခမ်းအနားသို့ မွန်ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် သဘာပတိအဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား/သူများ အပါအဝင် (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ အခမ်းအနားတွင် မွန်အမျိုးသားအလံအား လွှင့်ထူကာ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန်အမျိုးသား ခေါင်းဆောင်များအား အလေးပြုခြင်း၊ နိုင်ခင်အောင် (သဘာပတိ)က ဗဟိုမှပေးပို့သော (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မွန်လူငယ် မိသစ္စာချမ်းက မြေစိုက်ဗီနိုင်းပိုစတာပါ သမိုင်းအကြောင်းအရာအား ဖတ်ကြား ရှင်းလင်းခြင်း၊ မွန်ကျော်သိန်းက မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများအား ဖတ်ကြား ရှင်းလင်း ခြင်း၊ မွန်စာပေတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် မွန်တိုင်းရင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းနှင့် အလားတူ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာ ဘောလုံးကွင်း၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားအား အင်အား (၆၀၀)ဦးခန့်ဖြင့် လည်းကောင်း၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာရှိ ဘောလုံးကွင်း၌ အင်အား(၃၀၀)ဦးခန့်ဖြင့် လည်းကောင်း၊ ပငကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် အင်အား(၁၅၀)ဦးခန့်ဖြင့် လည်းကောင်း၊ ကရုပ္ပိကျေးရွာ၊ ရွာလယ် ဘောလုံးကွင်း၌ အင်အား(၅၀၀)ဦးခန့်ဖြင့် လည်းကောင်း၊ ဝဲကလိကျေးရွာ၊ ဘုရားလေးဆူဘုန်းကြီးကျောင်း၌ အင်အား(၁၅၀)ဦးခန့် အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးစည်သူ(သံဖြူဇရပ်)