သာယာဝတီ ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးစီးကျင်းပသော(ပထမ)အကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တပိုတွဲလပြည့်နေ့ ယမန်နေ့ညနေ ၅ နာရီက အောင်သိဒ္ဓိစေတီတော်မြတ်ကြီး၏ ပရဝဏ်၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲအားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်း (၁၁)သင်းတို့၏အားကြိုးမာန်တက် ပျော်ရွှင်စွာထမနဲထိုးယှဉ်ပြိုင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ နှစ်သိမ့်ဆုရရှိသောအသင်း (၈)သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်(၁)ဗိုလ်မှူးကြည်မျိုးလွင်နှင့်အဖွဲ့ဝင်များကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက်တတိယဆုရရှိသောသခွတ်ကုန်းရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမြင့်လွင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော အရှေ့လက်ပံခုန်ရပ်ကွက် နှင့်အနောက်လက်ပံခုန်ရပ်ကွက်အသင်းတို့အား အောင်သိဒ္ဓိစေတီတော်ဂေါပကဥက္ကဋ္ဌ ဦးသိန်းအောင်က လည်းကောင်း၊ ပထမဆုရရှိသော ကျောင်းစုရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးစီးကျင်းပသော ပထမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို သာယာဝတီမြို့နယ် မြို့ပေါ်ရပ်ကွက်အသင်းများ စုစုပေါင်း (၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)