သာပေါင်း ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြို့နယ်အဆင့် အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်မှ အဖွင့်အမှာစကားပြောကြားကြရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်ချက်မြင့်မားရေး ကြိုးစားကျက်မှတ် လေ့ကျင့်ဖြေဆိုကြရန်၊ သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများထံမှ သိရှိလိုသည်များကို မေးမြန်းမှတ်သားရန်တို့ကိုမှာကြားပြီး သင်ကြားကြမည့် ဆရာ၊ ဆရာမ(၉)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆက်လက်ဆွေးနွေးပို့ချကြသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြို့နယ်အဆင့် အောင်ချက်မြင့်မားရေးဆွေးနွေးပွဲသို့ မြို့နယ် ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီး၊ လေ့လာသူ(၉)ဦး၊ ပြင်ပဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူ(၁၈၈)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း