ပွင့်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီလ၁၅ ရက်နေ့တွင် စိုက်ပျိုးရေစတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေပေးဝေမည့်အခြေအနေနှင့်စိုက်ပျိုးရေလေလွင့် ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဒေသခံတောင်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြ၍သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးတို့မှတဆင့် လယ်ယာမြေစိုက်ခင်းများအရောက် နှစ်စဉ်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီအတွက် စိုက်ပျိုးရေဖြန့်ဝေပေးခြင်းကို ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့်သီးနှံအောင်ရေအပြည့်အဝရရှိစေရန် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။
“ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူတွေကို စိုက်ပျိုးရေးဖြန့်ဝေပေးရာမှာ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် နွေစပါး ၊ နွေနှမ်းနဲ့အခြားနွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် ဖြန့်ဝေဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖြန့်ဝေပေးမှုနဲ့ပတ်သက်ပြီး လယ်ယာလုပ်ငန်းခွင်ကြိုတင်ပြင်ဆင်နိုင်ဖို့ ၊ စိုက်ပျိုးရေကိုအကျိုးရှိရှိ သုံးစွဲကြဖို့နဲ့ စိုက်ပျိုးရေရယူသုံးစွဲရာမှာ ဆင်ခြင်သတိပြုရမည့် အချက်တွေကို တောင်သူတွေသိရှိစေရန် အတွက် အသိပေးဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ စိုက်ပျိုးရေဖြန့်ဝေပေးမည့် ရက်ကတော့ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ကစပြီး ဇွန်လ(၁၅)ရက်နေ့အထိ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ်ကနွေစပါးအတွက် တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ၊ နွေနှမ်းနဲ့ အခြားနွေသီးနှံအတွက်က မြောက်မုန်းမြောင်းမကြီးမှတစ်ဆင့်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်း၊ မြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါးဧက ၂၉၅၄၈ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်း ၂၇၁၉၃ ဧကနှင့် အခြား နွေသီးနှံ ၃၆၈၇ ဧက ၊ စုစုပေါင်းနွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက စိုက်ပျိုးရန်လျာထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ နွေသီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )