ပုသိမ် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးကို ရည်ရွယ်ကာ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုပါဝင်ပြီး မြန်မာတို့၏ရိုးရာပွဲတော်တစ်ခုဖြစ်သည့် တပို့တွဲလတွင်သာ ကျင်းပလေ့ရှိသော ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ် မြို့၊ ပြည်ထောင်စုကွင်း(ကန်သာယာ)၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲအသင်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့် အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်က မင်္ဂလာငွေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ကြောင်းကြေငြာပေးပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် အသင်း(၁) သင်း၊ ဌာနဆိုင်ရာ(၁၆)သင်း၊ ရပ်ကွက်(၁၅) သင်း စုစုပေါင်း(၃၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနအသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းအား ဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ကျင်းပခဲ့သည့် ထမနဲထိုးပြိုင်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆုရရှိသည့် အသင်းအား ဆုငွေ(၅)သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအား ဆုငွေ(၃)သိန်းကျပ်၊ တတိယဆုရရှိသည့် အသင်းအား ဆုငွေ(၂)သိန်းကျပ်နှင့် နှစ်သိမ့်ဆုအတွက် ဆုငွေ (၁)သိန်းကျပ်တို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)