မုံရွာ ဖေဖော်ဝါရီလ ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာရိုးရာ စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမအနီးတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမူရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီး ဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့စုစုပေါင်းထမနဲထိုးအဖွဲ့ ၉ ဖွဲ့ရှိ ဝန်ထမ်းများမှ ပျော်ရွှင်စွာစုပေါင်း ထမနဲထိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ထမနဲထိုးပွဲသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်အတူ တပျော်တပါး ထမနဲများသုံး ဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။