ဘူးသီးတောင် ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ထိုင်ဝမ်ဖူးစားပြောင်းကို ချောင်းရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဈေးပိုရောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျွန်တော်တို့ ကင်းချောင်းကျေးရွာအုပ်စုမှာရှိတဲ့ တောင်သူတွေက စပါးအပြင် ဟင်းသီး၊ ဟင်းရွက် သီးနှံမျိုးစုံကို (နွေ၊ မိုး၊ ဆောင်း) ချောင်းရေတင်စိုက်ပျိုးကြပါတယ်။ ယခုနှစ် စိုက်ပျိုးတဲ့ ထိုင်ဝမ်ဖူးစားပြောင်းသီးနှံ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဖူး ငွေကျပ်၄၀၀မှ ၅၀၀ထိ ရောင်းရပါတယ်။ ပြောင်းရိုးကိုလည်း ကျွဲ၊ နွားအစာအဖြစ် အသုံးပြုရတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်ဟု ဖူးစားပြောင်းစိုက်တောင်သူ ဦးကျော်လှိုင်က ပြောပြသည်။
ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအုပ်စု တောင်သူဦးကျော်လှိုင်၏ အစေ့ထုတ်ပြောင်း Sp888 မျိုးဖြင့် တောင်သူပညာပေး စံပြကွက် (၅)ဧကကို ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပညာပေးစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် မြို့နယ်၏ ဖူးစားပြောင်းလျာထားချက်မှာ (၇၆)ဧကနှင့် အစေ့ထုတ်ပြောင်း လျာထားချက်မှာ (၇)ဧကရှိပြီး စုစုပေါင်း (၈၃)ဧက လျာထားချက်ရှိရာ (၈၈)ဧက စိုက်ပျိုးထားရှိပြီ လက်ရှိအချိန်ထိ ဖူးစားပြောင်း(၄၇)ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဒေသတွင်းစျေးကွက်ရှိသည့်အပြင် ပြည်ပဝယ်လိုအားရှိသည့် အစေ့ထုတ်ပြောင်းသီးနှံ တိုးချဲစိုက်ပျိုးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)