မင်းဘူး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မင်ဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့်၍ ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများက တံခွန်၊ ကုက္ကားများ ဆက်ကပ်ခဲ့ပြီးနောက် သံဃာတော် အရှင်သူမြတ်များက ဘုရားအနေကဇာ တင်တော်မူခဲ့သည်။
ထို့နောက် မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကမ္မဝါစာ၊ အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနုမောဒနာတရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတမ်းများ ပေးဝေကာ ဆရာတော်ကြီးများအား တာဝန်ရှိသူများနှင့်အလှူရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)