ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၉၉)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပြည် ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ညံရိုးမီးပူဇော်ပွဲကို ယမန်နေ့နံနက် ၄:၀၀ နာရီက စေတီတော်တောင်ဘက် စောင်းတန်းထိပ် ရတနာပုံထီးဘုရားရှေ့တွင် ပြည်သူအပေါင်းတို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးများဖြင့် မီးပူဇော်ကြသည်။

ယင်းနောက် ညံရိုးမီးပူဇော်ပွဲသို့လာရောက်ကြသော ဘုရာဖူးလာပြည်သူများအား ရွှေဆံတော် ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့များက ထမနဲများဖြင့် စတုဒိသာဧည့်ခံကျွေးမွေးကြသည်။

ဆက်လက်ပြီး နံနက် ၇:၀၀ နာရီ၌ (၉၉)ကြိမ်မြောက်ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲပွဲ အခမ်းအနားကို ရွှေဆံတော်စေတီရင်ပြင်တော်ပေါ်ရှိ စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ တရားနာပရိသတ် အပေါင်းတို့က နမောတဿအစရှိသေ ဗုဒ္ဓပဏာမဂါထာတော်ကို ရွတ်ဆိုဘုရားကန်တော့ကြပြီး လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒစရိယဝိသုဒ္ဒါရုံ ဗာရာဏသီကျောင်းတိုက်ဆရာတော်ကြီးထံမှ (၅)ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ပေးတော်မူသည်။

ယင်းနောက် ဆရာတော်ကြီးများအား လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပြတိုက်ပြင်ဆင်ရာတွင် ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓါတ်ပုံပန်းချီကားများအား တာဝန်ရှိသူများက ပေးအပ်ချီးမြင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားနာယူတော်မူကြသည်။ ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝေယျာဝစ္စအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပြည်မြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲကို နှစ်စဥ် တပို့တွဲလပြည့်နေ့တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၉၉)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ပြည်မြို့ရှိ ဒေသခံပြည်သူများသည် အလွန်ချမ်းအေးသည့် ဆောင်းရာသီတပို့တွဲလပြည့်‌ အခါသမယ‌နေ့ ရောက်တိုင်း ညံပင်မှရရှိသော ညံများဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အနွေးဓာတ်၊ အလင်းဓာတ်တို့ဖြင့် အစဉ်အလာမပျက် နှစ်စဉ်မီးပူဇော်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ညံရိုးမီးပူဇော်ရခြင်းကြောင့် ဥာဏ်အမြော်အမြင်ကြီးမားပြီး ဥာဏ်ပညာထက်မြက်စေသည်ဟု ဒေသခံပြည်သူများက ယုံကြည်ကြကြောင်းနှင့် ညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌သာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်မြို့၊ ရွှေဆံတော်ဘုရားသမိုင်းမှတ်တမ်းများအရ သိရှိရသည်။

ကိုစိုး(ပြည်)