သထုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာများရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(၂) သထုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးဦးတို့က "လူငယ်နှင့် ကိုယ်ကျင့်တရား" "လူငယ်နှင့်စာပေ" "လူငယ်နှင့်လူမှုဆက်ဆံရေး" "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေး အခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်များနှင့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်