မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ အခမ်းအနားတက်​ရောက်

မော်လမြိုင် ဖေ​ဖော်ဝါရီ ၅

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၏ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၃ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ သံလွင်ဥယျာဥ်၊ ​​တောင်ဘက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

​ရှေးဦးစွာ ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများမှ သတ်မှတ်နေရာအသီးသီးတွင် ​နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ပွဲတော်တစ်ခုဖြစ်တဲ့ ထမနဲထိုးပြိုင်ပွဲကို မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ​ကြောင်း၊ ကောက်ဦးပေါ်စ တပို့တွဲလဆန်းအချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပြီး ယ​နေ့ထမနဲ ထိုးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းများမှ တက်ကြွစွာ ပါဝင်ပြိုင်ပွဲဝင်ကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်း​မြောက်ဂုဏ်ယူမိပါ​​ကြောင်း၊ အေးချမ်းသာယာတဲ့ တပို့တွဲကာလမှာ စိတ်ဓာတ်အင်အားကို ပိုမိုတက်ကြွမှုရရှိစေရန်၊ စု​ပေါင်းအင်အားဖြင့် စည်းလုံးညီညွတ် မှုများကို ပြတဲ့ ပွဲတော်တစ်ခုဖြစ်သလို ကောင်းမြတ်တဲ့ရသတွေများစွာ မြင်တွေ့နိုင်မှာဖြစ်ပြီး တက်ညီလက်ညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်​ကြောင်း၊ ထမနဲပွဲတော် ဟာလည်း သားစဉ်မြေးဆက် လက်ဆင့်ကမ်း သယ်ယူသွားရမယ့် အဓိပ္ပာယ် အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေ ထဲက တစ်ခုဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စတဲ့ အခြေခံကောင်းတွေနဲ့အတူ တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင် သွားကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က အချက်​ပေး​မောင်းကို တီးခတ်၍ ထမနဲထိုးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်များမှ တ​ပျော်တပါး ပါဝင်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ထမနဲထိုးအသင်း များ၏ ထမနဲထိုး ဝင်​ရောက်ယှဉ်ပြိုင်​နေမှုအ​ပေါ် လှည့်လည်ကြည့်ရှုအား​ပေးခဲ့ကြသည်။

ထို​နောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ပညာ​ရေးဒီဂရီ​ကောလိပ်၊ သစ်​တောဦးစီဌာန ကိုယ်စားပြုပြိုင်ပွဲဝင် ထမနဲထိုးအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ ဆုများချီးမြှင့်ခဲ့ပြီး အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးမှ အထူးဆုရှိခဲ့ ကြသည့် ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများ၊  ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အ​ကောင်းဆုံး ပြိုင်ပွဲဝင် ထမနဲထိုး အသင်းများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်