သရက် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်နှင့်မြို့နယ် ကျောင်းကျန်းမာရေးကော်မတီများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ကျောင်းကျန်းမာရေးကော်မတီဝင်များတွင်ပါဝင်သည့် ဆရာ/ဆရာမ များအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးဌာန(ကလေးအရာရှိ) ဒေါ်စန်းစန်းသင်းက ခရိုင်ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းပုံ၊ ကော်မတီ၏တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ဆွေးနွေးပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်သဲအိက မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းပုံ၊ ကော်မတီ၏တာဝန်ဝတ္တရားများ ပြောကြားပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များ၏ မေးမြန်းမှုအပေါ် ခရိုင်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်