မအီ ဖေဖေါ်ဝါရီ ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အ.မ.က (မအီ)ကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက " မြတ်ဆရာ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က(မအီ)ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးသန်းဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အ.မ.က(မအီ)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မေဝင်းမာက အမှာစကားပြောကြားပြီး အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းတင်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက်ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါဆုများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့် အမှတ်(၁)ရပ်ကွက် ရပ်မိရပ်ဖများက အသီးသီးဆုချီးမြှင့် ပေးခဲ့ကြသည်။
ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အမှတ်(၁)အ.လ.က (မအီ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုနှင့်ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ထိုသို့မိမိတာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ကျောင်းသားမိဘဆရာ ပူးပေါင်း၍ ပညာရေးစုံညီပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် များစွာကျေနပ် ဂုဏ်ယူမိပါကြောင်း၊ နောင်နှစ်များတွင်လည်း ပညာရေးစုံညီပွဲတော်ကို ယခုနှစ်ထက် စုံစုံညီညီနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မေဝင်းမာက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)