ရေနံချောင်း ဖေဖော်ဝါရီ ၄
လူမှုဂရုဏာအကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နည်းစနစ်ကျကျ ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနာယက ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာချိုချိုမြင့်နှင့် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချောခင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဌ ပါမောက္ခဆရာမကြီး(ရူပဗေဒဌာန) ဒေါက်တာခင်မေဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ဆက်လက်ရှင်း လင်းပြောကြားသည်။
သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်းကုတ်ခြင်း၊ မူးမေ့ခြင်းသတိလစ်ခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆက်ကြောဒဏ်ရာ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်း၊ ဆန်းစစ်ခြင်းစသည့် လူမှုဂရုဏာအကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၃)သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၇၆ ဦးအား ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိလည်းကောင်း၊ (၂/၂၀၂၃)သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၄၄ ဦးအား ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)