ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ပြည် ဖေဖော်ဝါရီ ၃

ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီမြတ်ကြီး၏ (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက စေတီတော်မဟာဗောဓိရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ရွှေဆံတော်စေတီမြတ်ကြီး၏ ဝေယျာဝစ္စအသင်းအဖွဲ့များဖြစ်သော မြတ်စွယ်တော်ဝေယျာဝစ္စအဖွဲ့၊ မဟာဗောဓိဝေယျာဝစ္စအဖွဲ့၊ ဗုဒ္ဓပူဇနိယအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ သာသနာ့နုဂ္ဂဟအဖွဲ့၊ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့နှင့် ရွှေဆံတော်ဝန်ထမ်းများအဖွဲ့ စုစုပေါင်းအသင်း(၇)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမကျင်းပမီ ဒိုင်ချုပ်အဖြစ်ဆောင်ရွက်သည့် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ပြိုင်ပွဲစည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဂေါပကအဖွဲ့တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား မဲစနစ်ဖြင့် ပြိုင်ပွဲဝင်ရမည့် မီးဖို‌နေရာသတ်မှတ်ရွေးချယ်ပေးပြီး  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြိုင်ပွဲကို မင်္ဂလာအောင်မောင်းတီး၍စတင်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုအား တာဝန်ရှိသူများနှင့် ဘုရားဖူးလာပြည်သူများက ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲများကို ဒိုင်အဖွဲ့က သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ခဲ့ကြပြီး ပထမဆုရ သာသနာ့နုဂ္ဂဟအသင်း၊ ဒုတိယဆုရ ဗုဒ္ဓဝေယျာဝစ္စအသင်းနှင့် တတိယဆုရ ဗုဒ္ဓပူဇနိယအသင်းအပါအဝင် နှစ်သိမ့်ဆုနှင့်အထူးဆုများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲများကို ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)