ဇီးကုန်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် အသိပညာဗဟုသုတ မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မယင်းကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(မယင်းလက်ပံခုံ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ၌ GRADE-11 မှ မအေးသန္တာက "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 မှမဝတ်မှုံဖူးက "လူငယ်နှင့်ဂီတ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 မှ မပြုံးနန္ဒာခိုင်က " လူငယ်နှင့် စာရိတ္တ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10မှ မောင်ကျော်သက်ပိုင်က "လူငယ်နှင့်မူးယစ်ဆေးဝါး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 မှ မမေမွန်ကျော်က "လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 မှ မမြတ်နိုးခင်က"လူငယ်နှင့် နည်းပညာ" ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)