ရွှေတောင် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမကြီးဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်) ရွှေတောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ စာအုပ်စာစောင်ပြပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် လစဉ်လတိုင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)