မော်လိုက် ဖေဖော်ဝါရီလ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်ဖြင့် ဖွင့်လှစ် ပို့ချခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်က ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့သင်တန်းဆင်းပွဲဖြစ်သည့် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများအတွက် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများထူထောင်နိုင်ပြီး အပိုဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းငယ်လေးများ အလွယ်တကူမှတ်ပုံတင်နိုင်ခြင်း စသည့်အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသတွင်းပြည်သူများ အကျိုးရှိနိုင်မည့် နည်းပညာပေးသင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ် ကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းတွင်ဆုရရှိသူများအား ဆုများဆက်လက် ချီးမြှင့်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက ပထဆုကိုလည်းကောင်း၊ ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းက ဒုတိယဆုကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား/သူ (၂၀)ဦး တက်ရောက် ခဲ့ကြပြီး (၃၀-၂-၂၀၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၅)ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)