ဒေးဒရဲ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်း အသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် (၁၁)နာရီခွဲက ကျုံဒါးရွာမ ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို မြို့နယ် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်း၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း များ ဆောင်ရွက် ပြီးစီးမှုလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ နွေစပါး စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ သွင်းအားစုများ စျေးနှုန်း ချိုသာစွာရရှိ နိုင်ရေးနှင့် ရပ်ရွာမီးဘေးလုံခြုံရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း