ဟင်္သာတ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် မြို့နယ်လူမှုအကျိုးပြု ကော်မတီ၏ ဦးဆောင်မှုဖြင့် မှုးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်ပညာရေးမှုးရုံးမှ ဆရာကြီး ဦးသက်ဆွေက “ယနေ့ လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်သူက “စနစ်တစ်ကျ အမှိုက်စွန့်ပစ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ဆက်မှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက “လူငယ်နှင့်အနာဂါတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာဒေါ်နွဲ့နွဲ့ရည်က “မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ ဟောပြောပွဲသို့ အ.ထ.က-၂ ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်