သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုသိမ်ခရိုင်အတွင်းရှိ Gasifire သုံးဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပုသိမ်ခရိုင်အတွင်းရှိ  Gasifire သုံး ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဆန်စက်များတွင် Gasifire အသုံးပြုခြင်းအားဖြင့် ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးများနှင့် ပတ်ဝန်းကျင်များသို့ ထိခိုက်စေနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ Gasifire များ အသုံးပြုခြင်းဖြင့် လေထုနှင့်ရေထုတွင်သာမက ညစ်ညမ်းမှု အများအပြားဖြစ်ပေါ်မှု၊ ရေဆိုးများအား သန့်စင်ခြင်း၊ စွန့်ပစ်ဖွဲပြာများမှ​ဆိုးကျိုးများနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကိုလည်းကောင်း ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်အေးက နိဂုံးချုပ်စကား​ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ပုသိမ်ခရိုင် အတွင်းရှိ Gasifire သုံးဆန်စက်လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင် (ပြန်/ဆက်)