ဖြူး ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ရှေးဦးစွာဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က မူးယစ်ဆေးဝါး၏ မူလအစသမိုင်းအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာအကြောင်း ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးရန်မသင့်သည့် အစားအစာများ၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက သိလိုသောအချက်များအား မေးမြန်းကြရာ ပြန်လည်ဖြေကြား ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ကြသော အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦးခန့်သည် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ် များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)