(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု၊ ကျုံပျော်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဖေဖော်ဝါရီ ၃

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်   မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က  ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲသို့ ဌာနဆိုင်ရာ အသီးသီးတို့မှ စုပေါင်းအသင်း (၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ပြိုင်ပွဲတွင် ထမနဲ တစ်ဒယ်အတွက် ခွင့်ပြုချိန် (၁)နာရီခွဲ သတ်မှတ်ပေးထားပြီး၊ လျို့ဝှက် ဒိုင်အဖွဲ့များက မြန်ဆန်မှု၊ အနံ့၊ အရောင်၊ အရသာကောင်မွန်မှု၊ သန့်ရှင်းမှု၊ စည်လုံးမှု၊ အားပေးမှု၊ ဝတ်စားဆင်ယင်မှုတို့ကို  အဆင့်ဆင့် အကဲဖြတ်အမှတ်ပေးကြရာ ပထမဆုကို အဖွဲ့(၃) က၎င်း၊ ဒုတိယဆုကို အဖွဲ့(၂) က၎င်း၊ တတိယဆုကို အဖွဲ့(၅) က၎င်း အသီးသီးရရှိခဲ့ကြပြီး၊ ကျန်ပြိုင်ပွဲဝင်အဖွဲ့များအား  နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)