ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်များ၌ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲ အခမ်းအနားများ တက်ရောက်အားပေး

ပုသိမ် ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲ အခမ်းအနားများအား တက်ရောက်အားပေး၍ မျိုးစေ့များစိုက်ပျိုးပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ တောင်သူဦးထွန်းသွင်၏လယ်မြေ (၁၀) ဧက၌ ပြုလုပ်သည့် (Super Sun 41)နေကြာ မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်သူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်စေရန်အတွက် အထူးအလေးထား စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး နေကြာစိုက်ခင်းသို့ ဆိုလာရေတင်စနစ်ဖြင့် ရေပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ရုံးတုန်းကျေးရွာအုပ်စု၊ တောင်သူဦးဖိုစွမ်း၏လယ်မြေ(၅) ဧက၌ပြုလုပ်သည့်  (Super Sun 66) မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး  စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့်ရေပေးခြင်း၊ မြေသြဇာကျွေးခြင်း လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်ကြီးထောင့်) ၌ ဆောက်လုပ်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း (၉၆ပေ×၁၁၈ပေ) ၁ထပ် RCC လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊အချိန်မီပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထူးအလေးထား  ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)